Chapter 39 (U+Z)

860 70 10
                                    

အခန်း (၃၉)

လျှံသုဥ်းလျှံ အိမ်ပြန်ရောက်တော့ အိမ်သာဝင်ဖို့ အနောက်ဘက် ခန်းထဲကို ဝင်လာလိုက်သည် ။
ဝင်လိုက်ပြီး မီးဖွင့်လိုက် လေတော့မှ နောက်ဖေး ထမင်းစားပွဲတွင် ငုတ်တုတ်ကြီး ထိုင်နေသော သက်ထင်ခန့် ကို တွေ့လိုက်ရသည် ။
သူ့မှာ ရုတ်တရက်မို့ လန့်သွားရသည် ။

" အမလေး... ပလုတ်တုတ်... သက်ထင်ခန့်... ခုချိန်ထိ ဒီမှာ ဘာထိုင်လုပ်နေတာလဲ.... "

" ထမင်းတူတူစားဖို့ စောင့်နေတာလေ... "

သက်ထင်ခန့် မျက်နှာက ငိုတော့မည့် ကလေးတစ်ယောက်လို ဆူပုပ်လျက် ။
လျှံသုဥ်းလျှံ တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်နေရသည် ။
ရယ်လည်း မရယ်ရဲ... ရယ်မိလျှင် လုံးဝ စိတ်ကောက်တော့မည့်ပုံ ။

" ဟို... ဟိုလေ... "

" ဟိုတစ်ယောက်နဲ့ စားလာပြီးပြီလို့တော့ မပြောနဲ့နော်... "

အမှန်တော့ လျှံသုဥ်းလျှံ က ညစာကို မိုးမာန်ခ နှင့် အတူ စားလာပြီးသားဖြစ်သည် ။
သို့သော် သူ စားလာခဲ့ပါသည် ဆိုလျှင် ဒီကောင်လေးက သူ့ကို စိတ်ကောက်ပေဦးမည် ။

" မစားခဲ့ပါဘူး... ကိုယ်က သက်ထင်ခန့်နဲ့ တူတူ ပြန်စားမလို့ ပြန်လာခဲ့တာလေ... "

ဟုတ်သည်ရှိ မဟုတ်သည်ရှိ... သူ ဒီလို ဖော လိုက်တော့ ကောင်လေး မျက်နှာကလေး​က ပျော်သွားသလို ဝင်းလက်သွားသည် ။
နေစမ်းပါဦး... သူကကော ဘာလို့ ဒီ Alpha လေးကို အတင်းတွေ အလိုလိုက်ပေးမိနေတာလဲ ။

အမှန်ဆိုရင် ဒီကောင်လေး စိတ်ချမ်းသာအောင် သူက ဘာလို့ လုပ်ပေးစရာ လိုနေမှာလဲ ။
သူ အရေးမပါတာတွေ လျှောက်လုပ်နေမိတာပဲ ။
ဒါပေမယ့်လည်း ကောင်လေး မျက်နှာက ပျော်တဲ့ အရိပ်အယောင်လေး မြင်ရတော့ သူပါ လိုက်ပြီး ပျော်သွားမိသလိုလို ။

" အဲ့တာဆို တူတူစားကြမယ်လေ... ကျွန်တော်က ကိုသုဥ်းနဲ့ တူတူစားဖို့ စောင့်နေတာ... လာလာ... ဒီမှာလာထိုင်... "

အိပ်ခါနီး အစားထပ်မစားချင်သောကြောင့် ငြင်းလိုက်မည်ဟု တွေးပြီးမှ သူ့ကိုယ်သူတောင် နားမလည်နိုင်စွာဖြင့် ထိုကောင်လေး ထိုင်ခိုင်းသောအတိုင်း ထိုင်လိုက်မိသည် ။
မတတ်နိုင်... အဆီတက်လျှင်လည်း နောက်နေ့ကျ လေ့ကျင့်ခန်းကို ပို၍ လုပ်လိုက်တော့မည် ။

The Little OmegaWhere stories live. Discover now