အခန်း (၁၁)
" လွန်း... နင် ဘာလို့ အဲ့လို ဆုံးဖြတ်ချက် ချလိုက်ရတာလဲ... "
ဖဲလ်နီက တုန်ယင်သော အသံဖြင့် ငိုလျက်က သူ့ကို မေးလာခဲ့သည် ။
စေလွန်းရာ ယခုမှပင် အဖေ့အတွက် စိတ်ချလက်ချ စိတ်ဒုံးဒုံးချခဲ့နိုင်ပြီမို့ ကလေးတစ်ယောက်လို ကျယ်လောင်စွာ ငိုကြွေးရင်း ဖဲလ်နီကို ပြန်ပြောမိသည် ။" ငါက ဘာတတ်နိုင်ဦးမှာလဲ... ငါ့လိုလူက ဒီလိုမှ မလုပ်ရင် ဒီလောက်များတဲ့ ငွေကို ဘယ်ကနေ ရှာနိုင်ဦးမှာလဲ... "
" ငါ ကူညီပေးမယ်ပြောတာပဲလေ... လွန်းကလည်း... "
" နင်စုထားတဲ့ငွေနဲ့ ငါစုထားတဲ့ငွေ အကုန်ပေါင်းရင်တောင် ခွဲစိတ်ခရဲ့ တစ်ဝက်ရမနေဘူး... ဆေးရုံစရိတ်မပါသေးဘဲ ဒီတစ်ညရဲ့ ခွဲစိတ်မှု ကုန်ကျစရိတ်ကတင် သိန်းငါးရာ ရှိတာလေ ဖဲလ်နီရဲ့.... "
သူငယ်ချင်းလေး၏ အဖြစ်ကို မကြည့်ရက်သောကြောင့် ကူပေးမည်ဟု ပြောမိသော်လည်း သူ့တွင်လည်း ထိုမျှ များပြားသောငွေက အဘယ်မှာရှိနိုင်ပါ့မလဲ ။
ဖဲလ်နီ စိတ်ပျက်လက်ပျက်နှင့်သာ သက်ပြင်းချလိုက်ရသည် ။" အဲ့တော့ နင် ဘာဆက်လုပ်မှာလဲ... "
" ဘာရှိရမှာလဲ... စီနီယာ့ ကိုယ်ဝန်ကို ဆောင်ပေးရမှာပေါ့... "
" နင်က ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလား... "
" အမှန်တော့ ငါ့ဗိုက်ကြီး မီးပုံးပျံကြီးလို အရှေ့ကို ပူထွက်လာမယ်ဆိုတဲ့ အတွေးကို တွေးမိတာနဲ့တင် ငါ တော်တော်လေးကို ကြောက်လန့်တုန်လှုပ်နေပြီ... မနေ့ညကဆို ငါ တွေးရင်း ကြောက်လန့်လွန်းလို့ အိပ်လို့တောင် မပျော်ဘူး ဖဲလ်နီရယ်... "
ဖဲလ်နီကတော့ သူ့ကို တတ်နိုင်သလောက် အားပေးရှာပါသည် ။
" ငါ့သူငယ်ချင်းလေးက ရုပ်ကလေး ဒီလောက်လှတာ... ဗိုက်ကြီးရင်လည်း အလှဆုံး Omega ဗိုက်ကြီးသည်လေး ဖြစ်နေမှာပါဟာ... မပူပါနဲ့... "
ဖဲလ်နီ၏ အားပေးစကားကြောင့် သူ့ခမျာ ငိုရမလို ရယ်ရမလိုပင် ။
" ဖဲလ်နီ... ငါ မနက်ဖြန် OG နဲ့ သွားတွေ့ရမယ်... "
" ဘယ်သူနဲ့ သွားမှာလဲ... ငါ အဖော်လိုက်ပေးမယ်လေ... "