အခန်း (၃)
ဖဲလ်နီ ဦးဆောင်မှုဖြင့် ကောင်းခေတ္တရာ တစ်ယောက် ဟိုတယ် ဆိုသည့် နေရာကို ပထမဆုံး ရောက်ဖူးလာသည် ။
ဒါက သူ ငယ်ငယ်က အဖေနှင့်အတူ ခရီးသွား၍ အိပ်ရသည့် ဟိုတယ်လိုမျိုး မဟုတ် ။
အခန်း ၏ မီးရောင်များက နီယွန်မီးရောင်များ ထွန်းထားပြီး မှိန်ပျပျ ဖြစ်နေလေသည် ။" ခုနက အခန်းယူတော့လည်း တို့ပဲ ဦးဆောင်ခဲ့တာနော်... အခုကော မင်း ဦးဆောင်ဖို့ အသင့် ဖြစ်ပြီလား... "
ဖဲလ်နီက ထိုကောင်လေးကို ကြည့်၍ အနည်းငယ် ရယ်ရင်း မေးလိုက်သည် ။
မသိလျှင် သူကပဲ ထိုကောင်လေးကို အတင်းအဓမ္မ ပြုကျင့်ဖို့ ခေါ်လာသလိုလို ။ခုနက ဟိုတယ် အဝတွင် ထိုကောင်လေးခမျာ ချွေးစေးတွေပြန်နေပြီး ဒူးတွေတုန်နေသဖြင့် သူကသာ ဦးဆောင်၍ ဟိုတယ်ထဲကို ခေါ်လာပေးခဲ့ရသည် မဟုတ်လား ။
" ကျွန်... ကျွန်တော့်အတွက် ဒါက ပထမဦးဆုံးလေ... ဒီလောက်တော့ ရှိမှာပေါ့ ... "
ကောင်းခေတ္တရာ က အသံကို ထိန်း၍ ပြောလိုက်ရသည် ။
ထို ဆံနီနှင့်သူကတော့ သူ့ကို ကြည့်ရင်း ရယ်ချင်နေဆဲပင် ။" ဒါနဲ့... မင်း အသက်တော့ ၁၈နှစ် ပြည့်ပြီးပါပြီနော်... "
" ကျွန်တော့်အသက် ၁၉နှစ် ရှိပြီဗျ.. "
" အိုး... ဒါဖြင့် တက္ကသိုလ် ကျောင်းသားလေးပဲ ရှိသေးတာပေါ့... "
ဖဲလ်နီက ပြုံးရင်း ဆက်ပြောလိုက်သောကြောင့် ကောင်လေးက အနေခက်နေပုံပေါ်လေသည် ။
" ခင်ဗျား တစ်ချိန်လုံး ကျွန်တော့်ကို မလှောင်ဘဲ နေလို့ မရဘူးလား... "
ကောင်းခေတ္တရာ က အသံခပ်ဆတ်ဆတ်နှင့် မေးလိုက်မိသည် ။
" အိုး... ဆောရီးပါ... မင်းပုံစံက... ဟိုဒင်း... တကယ့်ကို ကလေးလေး တစ်ယောက်နဲ့ တူနေလို့ တို့ ရယ်ချင်မိသွားတာ... "
ထိုကောင်လေးက သူ့ကို ဘာမှမပြောဘဲ ရေချိုးခန်းဘက်ကို ဝင်မလို့ လုပ်လေသောကြောင့် ဖဲလ်နီ လှမ်းမေးလိုက်သည် ။
" မင်း ဘယ်သွားမလို့လဲ... "
" ရေသွားချိုးမလို့... "