အခန်း (၂၀)
" လွန်း... နင် ဟိုရောက်နေလည်း ငါနဲ့ နေ့တိုင်း အဆက်အသွယ်လုပ်ရမယ်နော်... နင် ငါ့ကို မေ့သွားလို့ မရဘူး.... ငါက နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းလေး မဟုတ်လား.... ဝူး ဟူးဟူးဟူး... "
ဖဲလ်နီ က ရထားပေါ် တက်တော့မည့် စေလွန်းရာကို ရထားဂိတ် လိုက်ပို့ရင်း တဝူးဝူးနှင့် ကလေးတစ်ယောက်လို ငိုကြွေးနေလေသည် ။
ဖဲလ်နီ ပုံစံကို ကြည့်ပြီး စေလွန်းရာ ပြုံးကာ ပြန်အားပေးနေရသည် ။" ငါက ကလေးမွေးဖို့ သွားမှာပါဟာ... ဘာမှဖြစ်စရာမှ မရှိတာကို နင်က ဘာလို့ အဲ့လောက် စိုးရိမ်နေရတာလဲ ... "
" ဒါပေမယ့် ငါတို့နှစ်ယောက် သူငယ်ချင်း ဖြစ်ပြီးကတည်းက ဒါက ပထမဆုံးအကြိမ် ရက်အကြာကြီး ခွဲဖူးတာလေ... ငါက နင့်ကို စိတ်မပူရဘူးလား... နင်ကသာ နှလုံးသားမရှိတဲ့လူကြီး... "
ဖဲလ်နီက ပြောလည်းပြော ငိုလည်းငိုရင်း စီနီယာ့ကိုလည်း တတွတ်တွတ် ကျိန်ဆဲနေလိုက်သေးသည် ။
" အဲ့သည် ရှိန်ထည်ဝါ ဆိုတဲ့ ချီးထုပ်ကြီးကြောင့် ငါ့သူငယ်ချင်းလေးနဲ့ ခွဲရတာ... အဲ့ကောင်ကို ငါ ကျိန်တယ်... ခွေးကောင်... မျိုးမစစ်ကောင်... တစ်မျိုးလုံး တစ်ဆွေလုံး သောက်ကျင့်မကောင်းတဲ့ဟာတွေပဲနေမှာ... "
" အဟမ်း... အဟမ်း... "
ဖဲလ်နီ ကျိန်ဆဲနေချိန်တွင် ဘေးက ချောင်းဟန့်လိုက်သည်မှာ စေလွန်းရာကို ရထားဂိတ် လိုက်ပို့ပြီး သွားဖို့လာဖို့ အကုန် စီစဥ်ပေးခဲ့သော ဒေါက်တာ လျှံသုဥ်းသျှံ ဖြစ်သည် ။
" သူ့ တစ်မျိုးလုံး တစ်ဆွေလုံးကိုများ ကျိန်ဆဲလိုက်လေသလား... အဟမ်း အဟမ်း... "
အခုမှပင် ဖဲလ်နီက သတိရသွားလေဟန်ဖြင့် ဒေါက်တာကို စပ်ဖြဲဖြဲ ကြည့်ရင်း တဟီးဟီး ရယ်ပြလာလေသည် ။
" ဟဲဟဲ... မှားသွားလို့... ဆရာ မပါဘူး... ဆရာက လူကောင်းပါ... လူကောင်းပါလို့... "
ဖဲလ်နီက ဒေါက်တာ့ကို မျက်နှာချိုသွေးပြီး ပြန်ဖားနေသည်ကို ကြည့်ရင်း စေလွန်းရာ ရယ်နေမိရသေးသည် ။
" ဟိုမှာ ရာသီဥတုက ဒီမှာထက် ပိုအေးတယ်ဆိုတော့ ဂရုစိုက်နော် စေလွန်းရာ... "