အခန်း (၃၅)
သက်ထင်ခန့်တစ်ယောက် ဒေါက်တာ လျှံသုဥ်းသျှံ ဆီသို့ အလုပ်တက်ရန် ဘက်စ်ကားကို စီး၍ အိမ်မှ ထွက်လာခဲ့သည် ။
သူ့ဘဝတွင် ဘက်စ်ကား ဆိုသည်ကို တစ်ခါမှ မစီးဖူးခဲ့ပေ ။
ယခုတော့ အလုပ်ကို ဘက်စ်ကားစီး၍ လာခဲ့ရလေပြီ ။လျှံသုဥ်းလျှံ... ကျွန်တော် ခင်ဗျားကို ချစ်လို့သာ ဒီလိုတွေ အပင်ပန်းခံပြီး ဘက်စ်ကားစီးနေရတယ်ဆိုတာ ခင်ဗျား နားလည်လိုက်စမ်းပါ ။
ကျွန်တော့်လို လူမျိုးက ခင်ဗျားကို ချစ်လို့သာ ဒီလို အနစ်နာခံပြီး နေနေရတာ ။
သက်ထင်ခန့် တစ်ယောက်ထဲ စိတ်ထဲမှနေ၍ ဒရာမာတွေ ချိုးနေချိန် သူ့အဖေဆီက ဖုန်းဝင်လာသောကြောင့် ဖီလင်ပျက်သွားပြီး စိတ်ညစ်စွာ ဖုန်းကိုင်လိုက်မိသည် ။" ဘာလဲဖေဖေ... "
" ငါ့သား အလုပ်သွားပြီပေါ့... အစောကြီးတွေဘာတွေ ထလို့ပါလား ဒီရက်ပိုင်း... "
" သူများအလုပ် လုပ်ရတာလေ ဖေဖေရဲ့... စောစောတော့ ထရမှာပေါ့... "
သူ အသံခပ်ပြတ်ပြတ်နှင့်သာ ပြန်ဖြေလိုက်သည် ။
ဦးစက်ထင်ခန့် သူ့သား အဖြေကို သဘောကျပြီး ရယ်လိုက်မိသည် ။
သူ့သားလို မနက်ကို နေဖင်ထိုးအောင် အိပ်တဲ့ကောင်က အခုတော့ စကားကြီး စကားကျယ်တွေ ပြောနေလို့ပါလား ဟ ။" အေးပါအေးပါ ကိုယ်တော်ရယ်... ခုက ဘက်စ်ကားနဲ့ သွားနေတာပေါ့... ငါ့သားလေးက... "
" ဟုတ်တယ်လေ... ဘက်စ်ကားစီးပြီးသွားမှ အလုပ်ကလူတွေ သံသယ မဝင်မှာလေ ဖေဖေရ... အဲ့တော့ နေ့တိုင်း ဘက်စ်ကားပဲ စီးရမှာပေါ့ ... "
" ဘက်စ်ကားပေါ်မှာ နေရာကော ရရဲ့လား... လူတွေဘာတွေကော တိုးဝှေ့နေရသေးလား... "
ဦးစက်ထင်ခန့် က ရယ်ရင်း မေးလိုက်သည် ။
" နေရာက မရဘဲ နေမလား.... ကိုယ့်ဘက်စ်ကားနဲ့ကိုယ် သွားတာပဲဟာကို... ကားတစ်စီးလုံး ကျွန်တော် တစ်ယောက်ထဲပဲလေ ဖေဖေရ... "
ဦးစက်ထင်ခန့် ခပ်တည်တည် ပြန် ဖြေနေသော သူ့သားအဖြေကြောင့် ရယ်ချင်သွားသည် ။
လွန်ခဲ့သော တစ်လက အလုပ်ကို ဘက်စ်ကားနှင့် သွားချင်သည်ဟုဆိုကာ သူ့ကို ဘက်စ်ကားတစ်စီး ဝယ်ခိုင်းပြီး သူ့အလုပ်ထဲက ဒရိုင်ဘာ တစ်ယောက်ကိုပါ ဘက်စ်ကားမောင်းပေးဖို့ သားဖြစ်သူက ခေါ်ယူလိုက်သေးသည် မဟုတ်လား ။