အပိုင်း(၃၉) Unicode

765 120 49
                                    

ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရှောင်းကျန့်ခြေဖျားလေးများထောက်၍ ပတ်ချာလှည့်ကြည့်နေသည်။ခန္ဓာကိုယ်အပေါ်ပိုင်းတွင်အဖြူရောင်ချက်ပေါ်လက်ပြတ်ဇာကနုတ်အင်္ကျီကိုဝတ်ဆင်ထား၍၊ အောက်ပိုင်းတွင်မူအရင်းမှအဖျားသို့ မသိမသာစွန့်ကားသွားသောဘောင်းဘီရှည်ဝင့်ဝင့်ဝဲဝဲကိုဝတ်ဆင်ထား​၏။

သေးသွယ်လွန်းသောခါးကိုပို၍သိသာထင်ရှားစေရန် အတွက်ပိုးပိတ်စအဖြူဖြင့်လုပ်ထားသောခါးပတ်အပျော့လေးကို ဆင်မြန်းထား၍၊ ဝမ်းဗိုက်အလယ်ရှိ ပန်းနုရောင်သန်း ချက်နေရာ၌ အရောင်တလဲ့လဲ့ဖြစ်နေသည့်အဖြူရောင်စိန် လေးတစ်လုံးကို မြှုပ်ထားသေး​၏။

ကျော့ရှင်းနေသည့် ခန္ဓာကိုယ်အလှကို စိတ်ကြိုက်ကြည့်ရှုနေပြီးသော် နောက်ကျောခါးဆစ်ရိုးပေါ်ရှိ စံပယ်နက် တက်တူးများကို ဖုံးကွယ်သည့်သဘောဖြင့်ဘောင်းဘီနှင့်ဝမ်းဆက်ဖြစ်သည့် ကုတ်အဖြူကိုထပ်ရုံလိုက်ကာ၊ ကုတ်အင်္ကျီအရှေ့ကြယ်သီးများကိုတပ်ဆင်ခြင်းမရှိဘဲ ဖော်ထားသည့်ဝမ်းသားဖြူဖြူလျလျကိုတမင်တကာပေါ်လွင်နေစေတော့​၏။

ထို့နောက် ဝဲကျနေသည့် ဆံနွယ်များကိုမူ ထွေထွေထူးထူးပြင်ဆင်ခြင်းမရှိ သဘာဝအတိုင်းလေးပဲချထားလိုက်ပြီး၊ ထိပ်ဖျားချွန်ရှူးဖိနပ်ထဲသို့ပါးလွှာသောဇာခြေအိတ်ဖုံးနေသည့်ခြေဖျားသွယ်သွယ်တို့ကို လျှိုသွင်းလိုက်ကာ၊ နောက်ဆုံးအနေဖြင့် မည်သည့်လက်ဝတ်လက် စားတစ်ခုမှ ဝတ်ဆင်ခြင်းမရှိဘဲ အပြုံးပန်းတစ်ခုကိုသာမျက်နှာထက်ဆင်မြန်းလိုက်တော့​၏။

အရာရာပြည့်စုံစွာပြင်ဆင်ပြီးသွားပြီဟု ရှောင်းကျန့်ယူဆကာ အိပ်ခန်းထဲမှထွက်လာသည်။ဒုတိယအထပ် ထိ ဓာတ်လှေကားဖြင့်ဆင်းခဲ့ပြီးနောက် ဒုတိယထပ် နှင့် ပထမထပ်ကိုဆက်သွယ်ထားသည့် လှေကားထစ် များဆီသို့ လမ်းလျှောက်လာသည့်အချိန်၌ ပထမထပ် မှပြန့်လွင့်လို့နေသည့် အနောက်တိုင်းဂန္တဝင်ဂီတတေးသွားတချို့ကို သဲ့သဲ့ကြားလို့နေရပြီဖြစ်​၏။

ရှောင်းကျန့်​၏ခြေလှမ်းတို့သည် လှေကား​၏ အပေါ် ဆုံးအထစ်မှတစ်ဆင့်ချင်းသိမ်မွေ့စွာလှမ်းလို့နေ​၏။အောက်ဆုံးထပ်သို့ရောက်ခါနီးလေ သူ့အပေါ်ကျရောက်နေသည့် ခန်းမအတွင်းရှိလူများ​၏အကြည့်တို့သည်များသထက်များလာလေဖြစ်သည့်အခါ ရှောင်းကျန့် နှုတ်ခမ်းထောင့်လေးများကိုအသာတွန့်ကွေးလိုက်သည်။

Ineluctable Where stories live. Discover now