အပိုင်း(၂၁) Unicode

796 97 5
                                    

"ညက ကျွန်တော်မျိုးရဲ့အိပ်မက်တွေမကောင်းပါဘူး မိဖုရားကြီး..."

မနက်စောစောစီးစီးနန်းဆောင်ကိုရောက်ရှိလာပြီး
မျက်နှာမသာမယာဖြင့်ပြောလာသည့်နတ်ဆရာယင်အန်းကြောင့် ဝမ်မိဖုရားကြီးနေမထိထိုင်မသာဖြစ်သွားသည်။

"ဘာတွေများမြင်မက်လို့လဲ...လျှောက်တင်စမ်းပါဦး..."

"ပြောဖို့သင့်တော်ရဲ့လား ကျွန်တော်မျိုးဝေခွဲမရကြောင်းပါ..."

နတ်ဆရာယင်အန်းမှ စကားပလ္လင်ခံလေ၊ ဝမ်မိဖုရားကြီး​၏သိချင်စိတ်သည်ပို၍ပြင်းထန်လာလေဖြစ်​၏။အထပ်ထပ်အခါခါတိုက်တွန်းမေးမြန်းနေသည့်အခါနတ်ဆရာယင်အန်းအနေနဲ့မတတ်သာလို့ပြောရသည့်အသွင်...

"ကျွန်တော်မျိုးရဲ့အိပ်မက်ထဲမှာ အရှင်က မြောက်နန်းဆောင်မှာရှိနေတဲ့ ကဝေတစ်ကောင်ရဲ့ပြုစားခြင်းကိုခံနေရပါတယ်တဲ့..."

"ဘယ်လို ဘယ်လို..."

ကြားလိုက်ရသည့်စကားကိုဝမ်မိဖုရားကြီး အပြည့်အဝနားမလည်သော်လည်း သားဇောဖြင့်စိုးရိမ်စိတ်အလုံးအရင်းဝင်လာ​ပြီး...

"ဘာကိုဆိုလိုတာလဲ...ရှင်းပြစမ်းပါဦး..."

"မိဖုရားကြီးတွေးကြည့်ပေးပါ...အိပ်ဆောင်ဝင်ဖို့စိတ်မဝင်စားခဲ့တဲ့အရှင်က မြောက်နန်းဆောင်ကိုညတိုင်းသွားရောက်နေတဲ့ကိစ္စတွေ...တောင်နန်းဆောင်ဘက်ကို အိပ်ဆောင်ဝင်အောင် မိဖုရားလောင်းချီရှန့်ကိုကျွန်တော်မျိုးလုပ်ပေးထားတဲ့ လက်ဖွဲ့အဆောင်ကအခုထက်ထိအလုပ်မဖြစ်တဲ့ကိစ္စတွေ...ဒါတွေအားလုံးရဲ့ဖြစ်နိုင်ချေကဘာဖြစ်မယ်ထင်ပါလဲ..."

"....."

"ကျွန်တော်မျိုးသုံးသပ်ချက်အရအဲ့ဒီမြောက်နန်းဆောင်မှာရှိနေတဲ့ မို့လိဟွားတောက သုံ့ပန်း တစ်ဖြစ်လဲပန်းစားကဝေက အရှင့်ကိုပြုစားထားတဲ့ပုံမျိုးပါ..."

"ပန်းစားကဝေဆိုတာ သူတို့တွေရဲ့အဆင်းကိုတင်စားထားခြင်းသပ်သပ်ပဲမဟုတ်ဘူးလား...ဘယ့်နှယ် ပြုစားတယ်ဆိုတာဘာစကားမျိုးလဲ..."

"ဒါကို ကျွန်တော်မျိုးလည်းမပြောတတ်ကြောင်းပါ... မြင်မက်တဲ့အရာကိုမိဖုရားကြီးသိရှိအောင်လျှောက်တင်ရုံသပ်သပ်ပါ...ဒါပေမယ့်အမှန်တကယ်ဖြစ်နေမှာကို ကျွန်တော်မျိုးစိုးရွံ့မိပါတယ်...အရှင့်ရဲ့ဘုန်းကံက ကြီးမားတာမှန်ပေမယ့် အထက်အရပ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေကို မယုံကြည်တဲ့လူတစ်ယောက်ဖြစ်လို့ အခိုက်မသင့်ဘဲ စုန်းကဝေတွေရဲ့ဖမ်းစားခြင်းကိုခံရမှာစိုးမိပါတယ်..."

Ineluctable Where stories live. Discover now