အပိုင်း(၁) Unicode

1.9K 117 8
                                    

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့။

တိုကျိုမြို့​၏ဧရိယာအတွင်း၌ရှိနေသည်ဟုဆိုသော် ငြား မြို့လယ်ခေါင်အဆောင်အယောင်များနှင့်အင်မတန်ဝေးလွန်းလှပြီး၊နောက်ထပ်မြို့တစ်ခုမရောက်ခင်အစပ်ကြား၌ ဧက နှစ်ဆယ်ခန့်အကျယ်အဝန်းရှိသော မြေနေရာပိုင်နက်တစ်ခုရှိ​၏။

ထိုမြေပိုင်နက်သည် အပြင်ဘက်၌အလွန်တရာပင်အနုစိတ်လှသည့်အုတ်စီတံတိုင်းအနက်များဖြင့် ဝန်းရံခြင်းခံထားရတာဖြစ်ပြီး၊ကုက္ကို၊ ဝက်သစ်ချစသည့်စိမ်းစိုအုံ့မှိုင်းသောအပင်ကြီးများစွာကလည်းနေရာယူထားကြသည်ဖြစ်ရာ ဝေဟင်မြင်ကွင်းမှကြည့်ရှုလျှင်အိမ်ဆောင်စုများကိုပင်မြင်ရခြင်းမရှိဘဲ ဘောင်ခတ်ထားသည့်တောအုပ်ငယ်တစ်ခုဟုသာထင်မှတ်ဖွယ်ရာရှိ​၏။

ဝေဟင်မြင်ကွင်းမှသည်၊ မြေပြင်မြင်ကွင်းအဖြစ်သို့ပြောင်းလဲကြည့်ရှုလိုက်မည်ဆိုလျှင်အပင်နိမ့်မျိုးများဖြစ်သော ကစ္စမီ၊ရွက်လှ၊ကန္တရဆူး၊ရှားစောင်းစသည်တို့သည်ပန်းအိုးအကြီးအသေးစုံလင်စွာဖြင့်နေရာယူထားပြီး...

ထိုထဲမှာမှ အထူးခြားဆုံးဖြစ်လို့နေသည်ကဝန်းကြီး​၏မျက်နှာစာဟုယူဆရသောမြေနေရာများတွင်မူ အနက်ရောင်စံပယ်ပန်းတို့ပြည့်နှက်နေသည့် စံပယ်ရုံများက လျှောက်လမ်းဖောက်ထားသည့်နေရာများမှလွဲ၍ မြေကြီးရှိရင်ရှိသမျှနေရာများအပြည့်ပေါက်ရောက်နေခြင်းဖြစ်​၏။

ထိုစံပယ်နက်များသည် စံပယ်ပန်းတို့​သဘာဝအဖြူရောင်ကိုလွန်ဆန်၍နောက်ဆုံးပေါ်သန္ဓေပြောင်းမျိုးစပ်နည်းများဖြင့်ဖန်တီးထားရခြင်းဖြစ်လေရာထိုမြေပရဝုဏ်အတွင်းမှလွဲ၍ ကမ္ဘာ​၏မည်သည့်နေရာမှာမှတွေ့နိုင်ခြင်းမရှိရှားပါးလွန်းလှတာဖြစ်​၏။ရှားပါးခြင်း​ဆိုသည့်ဂုဏ်ပုဒ်အောက်၌ ထူးခြားခြင်းဆိုသည့်ဂုဏ်ပုဒ်သည်လည်းကပ်ပါသည်ဖြစ်ပြီးထိုစံပယ်နက်တို့မှထုတ်လွှတ်သည့်ရနံ့သည် ရိုးရိုးစံပယ်ဖြူတို့​၏ရနံ့ထက် ထူးခြားတာဖြစ်​၏။

စံပယ်ဖြူတို့သည် သင်းပျံ့လန်းဆန်းသည့်ရနံ့ကိုပေးစွမ်းသည်ဆိုလျှင်၊ ဆန့်ကျင်ဘက်ဖြစ်သောစံပယ်နက် တို့သည် နက်ရှိုင်းသည့်ရနံ့တို့ကိုပေးစွမ်း​၏။ဖျတ်ခနဲ နမ်းရှိုက်ပါက သိပ်ထူးခြားသည်ဟုမထင်ရသော်ငြား၊တခုပ်တရလက်ထဲဆုပ်ကိုင်၍စိတ်လိုလက်ရနမ်းရှိုက်ပါမူ အဆိပ်ပါသည့်အလားနမ်းရှိုက်သူ​၏စိတ်နှလုံးကိုမူးဝေထွေပြားကမောက်ကမ ဖြစ်စေနိုင်သည်အထိ စွမ်းဆောင်နိုင်ခြင်းဖြစ်ပေ​၏။

Ineluctable Where stories live. Discover now