သောကြာနေ့ ညနေစောင်းတွင် MUFL ကျောင်းကြီးရှေ့ အုပ်စု အုပ်စု ဖြစ်နေကြသည် ။ အထုတ်တွေကိုယ်စီနှင့် မုန့်ပေါင်းစုံတို့က ပလုံစီ ။ ပိုင်ရှင်မှာလည်း စောင် ၊ အိပ်ယာခင်းတစ်ထုပ် မိတ်ကပ်နှင့် အကျီအဝတ်အစားတစ်ထုပ် တပိုးတဆွဲ ဖြစ်နေသည် ။ လိုတက သူဝယ်လာသည့် မုန့်ပေါင်းစုံအထုပ်ကြီးကို ကိုင်ကာ တစ်ဖက်က သူ့စောင်ထုပ်ကြီးကို ကူသယ်ပေးနေသည် ။ သူ့တွင်တော့ တောင်တက် လွယ်အိတ်တစ်လုံးသာ ကျောတွင်ပါလာသည် ။ ဒါကတော့ ပြင်သစ် မေဂျာက ပုဂံသွားကြမည့် အုပ်စုဖြစ်သည် ။ အငယ်လေးတွေကို ကြိုဆိုမယ့် Welcome party ပေါ့ ။
Express ကား သုံးစီးက ကျောင်းရှေ့တွင် ေနရာယူထားနှင့်ပြီး ဖြစ်သည် ။ ကားထိပ်စည်းတွင် ပြင်သစ်ကျောင်းသားများ ပုဂံခရီးစဥ်ဟု သိသာစေမည့် ဗီနိုင်း ချိတ်ထားသည် ။ စီနီယာ အစ်မများက ကိုယ်တက်ရမည့် ကားနံပါတ်ကို အော်ပေးနေပြီဖြစ်သည် ။
" နင်တို့တွေ နောက်ကျနေလိုက်တာ အစ်မတွေက နံပါတ်တွေတောင် အော်ပြီးနေပြီ သွား...ဟိုအစ်မဆီမှာ ဘယ်ကားတက်ရမလဲ မေးချည်ကြ ''
" အေး...အေး... ကျေးဇူးပဲ ''
အတန်းထဲက ကောင်မလေးက လမ်းညွှန်ပြသည် ။ လိုတ သူ့မျက်နှာကို သိပေမယ့် နာမည်မသိချေ ။
" နင်နဲ့ငါနဲ့ အတူကျမှနော် ။ ငါ တစ်ယောက်တည်းဖြစ်နေရင် လူပြန်လဲမှာ ...''
" အေးပါဟာ...''
အထုတ်တွေကို ခဏချထားရင်း
" အစ်မ ကျွန်တော်တို့ ဘယ်ကားကျလဲ သိချင်လို့ ။ လိုတ နဲ့ ချစ်ပိုင်ရှင် ။ ''
အစ်မက စာရွက်ထဲ နာမည်လိုက်ရှာနေသည် ။
" ဘယ်ကားလဲဆိုတော့... ကားနံပါတ် တစ်မှာ လိုတ နဲ့ ချစ်ပိုင်ရှင်နော် ။ ဟိုရှေ့ကားကို သွားလိုက် ။ အထုတ်တွေ အထဲထည့်လို့ရပြီ ။ ''
" ဟုတ် အစ်မ... ''
သူနှင့်အတူတူ ကျသည်ဆိုတော့ ဝမ်းသာနေသည့် မျက်နှာနှင့် ။
" တော်သေးတယ် ။ ငါ Express ကားစီးရင် အန်တတ်တာနဲ့ ။ ''
လိုတသိပြီးသားပင် ။ သူလဲ ပိုင်ရှင်နဲ့အတူတူကျတာ ဝမ်းသာပါတယ်လေ ။ အထုတ်တွေကို ကားဆရာကြီးက ထည့်ပေးနေသည် ။ မုန့်ထုတ်ကိုတော့ သူနှင့် တစ်ပါတည်း ယူထားသည် ။
YOU ARE READING
Love Is Rainbow
General Fictionခင်ဗျားတို့ပြောသလို အချစ်က မျက်စိမပါဘူး ။ ချစ်နေဖို့ရာ ယောကျားမိန်းမ ဆိုတာမျိုး မရှိဘူး ။ လူသားနှစ်ယောက်နဲ့ မေတ္တာပဲလိုတယ်ဆို ကျွန်တော် သူ့ကို ချစ်ချင်တယ် ။ .... MUFL Tomboy and Tranwoman and girl Tomgay \ lesbian 11.8.2021 31.82021 #crdpic