(Uni)
ပူအိုက်လှပါသော ရာသီဥတုကြီးကို စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကြည့်ရင်းက သက်ပြင်း ခိုးချနေမိသူတစ်ဦး ရှိနေသည်။
" ဒါနဲ့.. ငါတို့တွေက ဘယ်နေ့ပြန်ကြမှာလဲဟင် "
ပဲပြုတ်တစ်ဇွန်းကို မထိတထိလေး လှမ်းယူစားရင်းနဲ့က လင်းခန့်ကျော် မေးလာခဲ့သည်။
" ပြန်မယ်လေ.. ဒီ တစ်ရက်နှစ်ရက်ပေါ့ "
" ဘယ်ရက်လောက် ဖြစ်မလဲ "
" အဲ့ဒါ ချစ်ဦးနဲ့ တိုင်ပင်ရဦးမှာ..။ မောင့်ချစ်ဦးက ဘယ်တော့လောက် ပြန်မယ်စဉ်းစားထားလဲ "
ပါးစပ်ထဲကို ငချိပ်ပေါင်းလှမ်းခွံ့ရင်းက မေးလာတဲ့ လူးလွန့်မောင်ကြောင့် ခညောင်းဦး စက္ကန့်ပိုင်းလောက် စဉ်းစားမိသွားသည်။
သေချာသည်က..၊ အဘွားဖြစ်သူ ဒေါ်ခင်နှင်းကြည်မှာ သာသနာ့ဘောင်ထဲသို့ အပြီးတိုင် ဝင်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်..။
" ဆရာလေးကို အကျိုးအကြောင်း ပြောပြီးတာနဲ့ ပြန်ကြမယ်လေ မောင် "
" အင်း..။ ဆရာတော်ကိုလည်း လျှောက်ထားရမယ် ထင်တယ်နော် "
" သေချာတာပေါ့ မောင်ရယ်။ ဆရာတော်ကို ငါသေချာလေး ပြောရဦးမှာ.. "
ကျောင်းထိုင်ဆရာတော်ကြီးက ခညောင်းဦးကို ပြန်မလွှတ်ပေးချင်မှန်း သိသာနေ၍ လူးလွန့်မောင်ခမျာ မျက်နှာချင်းမဆိုင်ရဲအောင် အားနာနေမိသည်။ ထို့အပြင် မဖြစ်မနေ ပြန်ခေါ်သွားမှာဖြစ်လို့လည်း ပိုပြီးတော့တောင် အားနာနေရပါသည်။
" ဒါဆိုရင်..။ ငါတို့တွေ ရန်ကုန်မပြန်ခင်လေး.. တံတားအောက်က ချောင်းကြီးထဲမှာ ရေချိုးဖူးတယ်ရှိအောင် သွားချိုးကြည့်ကြမယ်လေ "
" နိုးပါ.. အဲ့ဒါက သဲချောင်းကြီးနော် ဟျောင့်! အရင်ကဆို လူတောင်ဆွဲဖူးတယ်တဲ့.. "
တက်ကြွနေတဲ့ မင်းသန့်ပိုင်နဲ့ တခြားစီပင်..၊ လင်းခန့်ကျော်ကတော့ စွန့်စားဖို့အရေးဆို အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
" ဘေဘီကလဲကွာ။ ကိုရင်လေးတွေ.. ကလေးတွေတောင်မှ ရေချိုးဆင်းနေကြတာကို..။ ကိုယ်တို့လို ကြီးကောင်ကြီးမားတွေက ဘာကြောက်စရာရှိရမှာ.. "
YOU ARE READING
ငပြူးငလူး ( Completed )
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်